Stablecoin ဆိုတာ Crypto မှာ အန္တရာယ်ကင်းတဲ့ဇုန် SAFETY ZONE အဖြစ် အများက သတ်မှတ်ထားကြတာပါ။ တကယ်တော့ အပြင်ပန်းမှာသာ လှလှပပနဲ့ တည်ငြိမ်နေပေမဲ့ အတွင်းပိုင်းမှာ ကျွန်တော်တို့ မမြင်ရတဲ့အက်ကြောင်းတွေလည်း ရှိနေနိုင်ပါတယ်။
Ethereum ဖခင်ကြီး Vitalik Buterin က Decentralized Stablecoin တွေမှာ ရှိနေတဲ့ "အားနည်းချက် ၃ ချက်" ရှိတာကို ထောက်ပြထားပါတယ်။ Crypto သုံးတဲ့သူတိုင်း Stablecoin နဲ့မကင်းဘူးဆိုတော့ ဒီအချက် ၃ ချက်က ဘာလဲ၊ ကိုယ်တွေ ဘယ်လိုကာကွယ်လို့ရလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
ဒီနေရာမှာ Stablecoin ဆိုတာက အမေရိကန် ဒေါ်လာနဲ့ 1:1 ညီအောင် တန်ဖိုးချိန်ညှိထားတဲ့ Cryptocurrency ပါ။ ကျွန်တော်တို့နေ့တိုင်းအသုံပြုနေတဲ့ USDT, USDC, FDUSD စတာတွေက Stablecoin ပါ။
ပထမဆုံးက "ဒေါ်လာအပေါ် အလွန်အမင်း မှီခိုမှု" ပါ။ တကယ့် Decentralized စနစ်ဆိုတာက ကိုယ်ပိုင်အချုပ်အခြာအာဏာ ရှိရမယ်လို့ Vitalik က ဆိုပါတယ်။ အခုလို အမေရိကန်ဒေါ်လာပေါ်ပဲ အမြဲမှီခိုနေမယ့်အစား ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တန်ဖိုးတွေ ဒါမှမဟုတ် Decentralized ပိုင်ဆိုင်မှုတွေနဲ့ ချိတ်ဆက်ပြီး "စစ်မှန်တဲ့ လွတ်လပ်မှု" ကို ရှာဖွေသင့်နေပါပြီလို့လည်း ပြောထားပါတယ်။
ဒုတိယအချက်က "Oracle" တွေရဲ့ အားနည်းချက်ပါ။ Oracle ဆိုတာက ရွှေ၊ ငွေ၊ ရေနံ၊ Stock စတဲ့ အပြင်လောက ဈေးနှုန်း၊ အချက်အလက်တွေကို Blockchain ပေါ်ကို သယ်ပေးတဲ့ တံခါးမှူးတွေလိုမျိုးပါ။ ဒါပေမဲ့ ဒီတံခါးမှူးတွေကို ငွေအင်အားများများသုံးပြီး လှည့်စား (Manipulate) လို့ ရနေတာက စနစ်တစ်ခုလုံးကို ပြိုလဲစေနိုင်ပါတယ်လို့ ပြောပါတယ်။
နောက်ဆုံးက "Yield Gap" လို့ ခေါ်တဲ့ အကျိုးအမြတ် ကွာဟချက်ပါ။ ETH Staking လိုမျိုး တခြား DeFi အခွင့်အလမ်းတွေက ပေးတဲ့ အတိုးနှုန်းက Stablecoin တွေထက် ပိုသာနေရင် လူတွေက Stablecoin ထဲကို ငွေမထည့်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက ရေရှည်မှာ Liquidity (ငွေဖြစ်လွယ်မှု) ပြဿနာကို ဖြစ်စေနိုင်တယ်လို့လည်း သူက ပြောပါတယ်။
Stablecoin တွေက ကမ္ဘာ့စီးပွားရေးရဲ့ ကျောရိုးဖြစ်လာဖို့ဆိုရင် ဒီနည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အရင်ဖြေရှင်းဖို့လိုမယ်လို့ ထင်ပါတယ်။

